Monday, June 16, 2008

အပြင်လူ မ၀င်ရ၊ အတွင်းလူ မထွက်ရ



မှတ်ချက်။ - ကာတွန်း ဘိရုမာ (မိုးမခ၀က်ဘ်ဆိုက်)

Friday, June 13, 2008

ရင်နှင့်အောင်ခံစားရတယ်ဗျာ။

နာဂစ်မုန်တိုင်းမှ အသက်ရှင်လွတ်မြောက်လာသူ လပွတ္တာမြို့နယ် ပန်းငြိမ်းကျေး ရွာမှ အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ်နှင့် တွေ့ဆုံခြင်း

တွေ့ဆုံမေးမြန်းသူ - မြနှင်းအေး

`ဆန်ဝေတယ်။ သမီးမှာ ချက်စရာ အိုးမရှိလို့ မယူဘူး။ ဆန်ပြုတ်ဝေရင်တော့
သွားတောင်းပြီး သမီးတို့ မျှစားတယ်။ ခုပေးတာစား၊ ရှိတာဝတ်တယ်။ ညီမလေးနဲ့ မောင်လေးကို သမီးတတ်နိုင်သမျှ ကာကွယ်ပေးမယ်။´


မေလ (၂)ရက်နေ့က မြန်မာနိုင်ငံ အောက်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကြောင့် လူဦးရေ သောင်းဂဏန်းများစွာ သေဆုံးပြီး သိန်းဂဏန်းများစွာ အိုးမဲ့အိမ်မဲ့ အခြေအနေ ဆိုက် ရောက်ခဲ့ရသည်။ မုန်တိုင်း၏ ဗဟိုချက်မဖြင့် ၀င်ရောက်တိုက်ခတ်ခံခဲ့ရသော ဧရာဝတီတိုင်းတွင် အထိအ ခိုက် အပျက်အစီး လူအသေအပျောက် များပြားခဲ့ရာ လပွတ္တာမြို့နယ် ပန်းငြိမ်းရွာမှ မိဘဆွေမျိုးများနှင့် မောင်ငယ်တစ်ဦး သေဆုံးကာ ညီမနှင့် အခြားမောင်ငယ်တို့ကို စောင့်ရှောက်ရန် ချက်ချင်းလက်ငင်း ပုခုံးလွှဲ တာဝန်ယူခဲ့ရပြီး မိဘမဲ့ဖြစ်ခဲ့သည့် အသက် (၁၁)နှစ်အရွယ် မအေးအေးစိုးနှင့် တွေ့ဆုံမေးမြန်းထားမှုကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : သမီးနာမည်နဲ့ နေတဲ့ ကျေးရွာ နာမည်လေး ပြောပါဦး။
AAS : သမီးနာမည်က အေးအေးစိုးပါ။ လပွတ္တာမြို့နယ်နဲ့ အတော်ကြီးဝေးတဲ့ ပန်းငြိမ်းကျေးရွာ တာထိပ်မှာ နေပါ တယ်။
V : မိသားစု ဘယ်နှစ်ယာက်ရှိလဲ။
AAS : ခြောက်ယောက်။ သုံးယောက်ရှင်တယ်။ အဖေရယ်၊ အမေရယ်၊ (၁၀)နှစ် မောင်လေးရယ် မုန်တိုင်းထဲ မှာ သေသွားတာ။ အဖေ့အလောင်းပဲ ပြန်တွေ့တယ်။ ဆွေမျိုးတွေလည်း အားလုံးသေကုန်တယ်။
V : အသက်ရှင်နေတဲ့ မောင်လေးနဲ့ ညီမလေးရဲ့ အသက်နဲ့ နာမည် ပြောပြပေးပါဦး။
AAS : ညီမလေးက အေးမြမွန်၊ ၆ နှစ်ရှိပြီ။ မောင်လေးက ရဲထက်ကျော်၊ ၃ နှစ်ပါ။
V : သမီး ကျောင်းတက်လား။
AAS : မတက်ဘူး။ သမီးအောက်က ၁၀ နှစ်မောင်လေးက ကျောင်းတက်တယ်။ သမီးက အမေကောက် စိုက်ရင် မောင်လေးထိန်းပေးရတယ်။
V : မုန်တိုင်းတိုက်တဲ့နေ့က ဖြစ်စဉ် သမီးသိသလောက် ပြောပြပါလား။
AAS : အဲဒီနေ့က သမီးတို့ မောင်နှမ လေးယောက်ရယ်၊ အမေရယ် အိမ်မှာ ရှိနေတယ်။ မုန်တိုင်းမတိုက်ခင် အမေက အဖေ့ဆီ ဆန်သွားယူတာ။ အမေလည်း ပြန်ရောက်ရော မုန်တိုင်းတိုက်တာပဲ။ လေမုန်တိုင်းကြောင့် သမီးတို့ အိမ်ကြီးပြိုသွားရော။ ပြိုလည်းပြိုရော အမေက အဖေ့ကို သွားခေါ်မယ်ဆိုပြီး သမီးတို့ကို ထားခဲ့တာ။ သူများအိမ် က အဒေါ်ကြီးတွေ အိမ်ပြိုတော့ ပြေးကြတာလည်းမြင်ရော သမီးတို့မောင်နှမ လေးယောက်လည်း ထွက်ပြေးကြ တယ်။ သမီးမောင်လေးကို လူကြီးတစ်ယောက်က တံတားမကျိုးဘူးဆိုပြီး ညာခေါ်သွားတာ သေသွားတယ်။ မိုးချုပ်လေ ရေက တက်လာလေပဲ။ သမီးတို့လည်း မပြေးတတ်တော့ဘူး။ သစ်ပင်ပေါ် တက်တာ ဘယ်လိုမှ တက်လို့ မရဘူး။ နောက်ဆုံး သမီးတို့ ရေထဲမှာ မြုပ်လိုက် ပေါ်လိုက်နဲ့၊ ပန်းငြိမ်းက ဦးကြီးတစ်ယောက်က သမီးတို့ကို ကုန်းပေါ်တင်ပေးတာ။ တင်ပေးပြီး သူ့ကို လှိုင်းက ရိုက်ချသွားတာ ရေထဲက ပြန်ပေါ်မလာတော့ဘူး။ မိုးလင်းမှ အ လောင်းတွေ့တာ။
V : သမီးတို့သုံးယောက် အတူတူ ပြေးတာလား။
AAS : ဟုတ်တယ်။ သမီးတို့သုံးယောက် မခွဲဘူး။ သမီးမောင်လေးကို သမီးပိုက်ပြီး လက်တစ်ဖက်က ညီမ လေးကို ကိုင်ထားတာ။ သမီးလက် မလွှတ်ဘူး။ သေသေရှင်ရှင်ဆိုပြီး ကိုင်ပြီးပြေးတာ။
V : ကယ်ဆယ်ရေးစခန်းမှာ ပန်းငြိမ်းကလူတွေ တွေ့လား။
AAS : တွေ့တယ်။ ပန်းငြိမ်းက တစ်ရွာလုံးပါသွားတာ။ လူရာကျော်ရှိတာ ၁၂ ယောက်ပဲ ရှင်တယ်။ ၁၂ ယောက် ထဲမှာ မိန်းမက သမီးတို့နဲ့ဆို သုံးယောက်ပဲ အသက်ရှင်တယ်။ ကလေးထဲမှာလည်း သမီးတို့ သုံးယောက်ပဲ အ သက်ရှင်တာ။ ပန်းငြိမ်းက ဆွေမျိုးတွေ အားလုံးသေတယ်။
V : ကယ်ဆယ်ရေး စခန်းရောက်ပြီး သမီးတို့ကို ဘာတွေ ဝေပေးလဲ။
AAS : ဆန်ဝေတယ်။ သမီးမှာ ချက်စရာ အိုးမရှိလို့ မယူဘူး။ ဆန်ပြုတ်ဝေရင်တော့ သွားတောင်းပြီး သမီးတို့ မျှစားတယ်။ သမီးက ၅၀၀၊ သမီးညီမလေးနဲ့ မောင်လေးက တစ်ယောက် ၂၅၀ နဲ့ တစ်နေ့ တစ်ထောင်ရ တယ်။ ရတာ မကြာသေးဘူး။ သမီးမောင်လေးကို ပိုက်ဆံရှိရင် မုန့်ဝယ်ကျွေးတယ်။ ထမင်းနေ့တိုင်း စားရပါ တယ်။
V : မောင်လေးကို ဆေးခန်းလာပြတာလား။
AAS : ဟုတ်တယ်ရှင့်။ မောင်လေး နေမကောင်းလို့ ဆရာမ လာပြတာ။ ဆရာမပေးတဲ့ ဓာတ်ဆားရေတောင် မ ကုန်သေးဘူး၊ မနေ့ညကမှ စဖြစ်တာ။ တစ်ချိန်လုံး အန်နေတာ။ မနက်ကျတော့ မောင်လေးက မုန်ဆိုင်ကို လက်ညှိုးထိုးပေမယ့် သမီးမှာ ပိုက်ဆံမရှိတော့ ၀ယ်မကျွေးနိုင်ဘူး။ ခု တစ်အားအန်နေလို့ လာပြတာ။
V : သမီး ဘာပြောချင်လဲ။
AAS : သမီးလား၊ မသိဘူး။ ဘာဆက်လုပ်ရမှန်း မသိဘူး။ အဖေ၊ အမေရော ဆွေမျိုးတွေရော သေကုန်ပြီ။ စဉ်းလည်း မစဉ်းစားတတ်ဘူး။ ခုပေးတာစား၊ ရှိတာဝတ်တယ်။ ညီမလေးနဲ့ မောင်လေးကို သမီးတတ်နိုင်သမျှ ကာ ကွယ်ပေးမယ်။ သမီးတို့ကို ဆရာမက လာခေါ်မယ်တဲ့။ ခု ဆရာမက အင်္ကျီလက်ရှည် ၀မ်းဆက်တစ်စုံရယ်၊ မောင်လေးအတွက် စောင်ရယ် အင်္ကျီရယ် ၀ယ်ပေးတယ်။ လူကြီးတွေက ပြောတော့ ပြောတယ်။ ဒါပေမယ့် သမီး ဘာမှမလုပ်တတ်ဘူး။
(သင်ကာဘလော့ဂ်မှ ကူးယူဖော်ပြပါသည်)

ဟဟား------ ကုလသမဂ္ဂတဲ့

တကယ်ပဲ လက်လျှော့လိုက်ပြီလား ဘုရှ်ရယ်

ထိုင်နေအကောင်းသား ကုလသမဂ္ဂ

- ကာတွန်းဘိရုမာ (မိုးမခ၀က်ဘ်ဆိုက်)

Thursday, June 5, 2008

ကိုသူရကိုဆွဲခံရပြန်ပြီ

မုန်တိုင်းဒုက္ခသည်များကို အကူအညီပေးနေသည့်
ဇာဂနာ (ခေါ်) ကိုသူရကို အာဏာပိုင်များက ဖမ်းဆီးခဲ့

ဖြိုးကြီး။ ဇွန် ၅၊ ၂၀၀၈

နာဂစ်ဆိုက်ကလုန်းလေဘေးဒုက္ခသည်များအား တက်တက်ကြွကြွ ကူညီနေသည့် လူရွှင်တော် သရုပ်ဆောင် ဒါရိုက်တာ ဇာဂနာ (ခေါ်) ကိုသူရကို အာဏာပိုင်များက ဖမ်းဆီးသွားသည်။

ကိုဇာဂနာ၏ နေအိမ်သို့ အာဏာပိုင်များက ယမန်နေ့ ညဦးပိုင်းတွင် ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဖမ်းဆီးသွားသည်ကိုမသိကြောင်း မိသားစုဝင် တဦးက ပြောသည်။

လာရောက်ဖမ်းဆီးသွားသူများမှာ အထူးရဲတပ်ဖွဲ့(SB)၊ စရဖ၊ ခရိုင်မှူးအပါအဝင် (၇) ဦးနှင့် ရပ်ကွက်အာဏာပိုင် (၂) ဦး၊ စုစုပေါင်း (၉) ဦးဖြစ်သည်ဟု ဆိုသည်။

ကိုဇာဂနာကို ဖမ်းဆီးသွားပုံနှင့်ပတ်သက်၍ မိသားစုဝင်တဦးက “သူတို့လာတုန်းက အိမ်မှာ ရှာတယ်၊ ဘာရှာမယ်ဆိုတာလဲ မပြောဘူး၊ ဘာကြောင့် ခေါ်သွားတယ်ဆိုတာကိုလည်း မပြော ဘူး၊ သူတို့ပြောတာက တရက်နှစ်ရက်ပါပဲဆိုပြီး ဆေးတို့၊ အဝတ်အစားတို့ ထည့်ခိုင်းပြီး ခေါ်သွားတာ”ဟု ပြောသည်။

အာဏာပိုင်များက ကိုဇာဂနာနေအိမ်သို့ လာရောက်ရှာဖွေပြီးနောက် စိန်စီသောညဗွီဒီယို တခွေ၊ ရမ်ဘို(ဖိုး) တခွေ၊ နာဂစ်မုန်တိုင်းတခွေ၊ (FEC) သုံးဆယ်နှင့် သမီးဖြစ်သူကို ပို့ပေးရန်အတွက် ဝယ်ယူထားသည့် ဒေါ်လာ (၁,၀၀၀) တို့ကို ရှာဖွေပုံစံများဖြင့် သိမ်းဆီးသွားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ကျမတို့စိုးရိမ်တာက သူတို့က ဥပဒေကို လီဆယ်တတ်တော့ ပုဒ်မအမျိုးမျိုးတပ်မှာကိုပဲ၊ အခု ထိတော့ ဘယ်မှာထားတယ်ဆိုတာကို သတင်းမရသေးဘူး၊ ကျမတို့က မယုံဘူး၊ သူတို့က ဒီလိုပဲ ပြောနေတာ အမြဲတမ်းပဲ၊ ပြောပြောပြီးခေါ်သွားတာ၊ သူတို့က အမျိုးမျိုးလီဆယ်တတ်တဲ့သူတွေ၊ ရှင်းရှင်းပြောရရင် ကျမတို့က အမြဲတမ်း အနိုင်ကျင့်ခံနေရတာ”ဟု မိသားစုဝင်တယောက်အနေ ဖြင့် စိုးရိမ်နေမှုကို ပြောသည်။

ကိုဇာဂနာသည် နာဂစ်မုန်တိုင်းကယ်ဆယ်ရေး အကူအညီလုပ်ငန်းများကို မေ (၇) မှစတင်ကာ လုပ်ဆောင်နေပြီး လူမှုရေးသက်သက်သာ အကူညီပေးနေခြင်းဖြစ်ကာ အာဏာပိုင်များက ယခု ကဲ့သို့ ဖမ်းဆီးသွားခြင်းမှာ အကြောင်းမဲ့ အနိုင်ကျင့်နေခြင်းသာဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောသည်။

“ရှင်းရှင်းပြောရရင် ကိုသူရက (၇) ရက်နေ့ကစပြီး လူမှုရေးပဲလုပ်နေတာ၊ ဘာနိုင်ငံရေးမှာမှ မပါဘူး၊ သူများတွေလည်း လုပ်နေတာ၊ ကိုသူရကျမှ အခုလိုလုပ်တာ၊ အနုပညာလောက က လူတွေအကုန်လုံး လုပ်နေတာ၊ ဘယ်သူ့မှ ခေါ်စစ်တာမရှိဘူး၊ တခုခုဖြစ်ရင် ဇာဂနာ ဇာဂနာနဲ့ အဲလိုပဲ လုပ်နေတာ”ဟု မိသားစုဝင်က ပြောသည်။

နာဂစ်မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို ကိုဇာဂနာနှင့်အတူ တွဲလုပ်နေသော အခြား အနုပညာရှင်များဖြစ်သည့် ဟာသသရုပ်ဆောင် ကိုအရိုင်း၊ ကိုငှက်ပျောကြော်တို့ကို အာဏာပိုင် များက မေးမြန်းမှုများပြုလုပ်ခဲ့ပြီး လူမှုရေးလုပ်ငန်းများလုပ်နေတာ ကောင်းမွန်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်ပါဟု ပြောဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
from
YOMA NEWS 3

Wednesday, June 4, 2008



“သနားကြပါ ... ဒေါ်လာ ၁၁ ဘီလီယံလောက်တည်းပါ ...”



(ကာတွန်းဟန်လေး - ဧရာဝတီ)

Friday, May 30, 2008

ကာတွန်းလေးကိုခံစားကြည့်ကြပါလား




(ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)